နတ်မောက်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

နတ်မောက် မေ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ယမန်နေ့နံနက် (၈) နာရီအချိန်ခန့်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာယာအေးကျေးရွာ၊ နဘူးကွဲကျေးရွာ၊ ရွှေကွေ့ကျေးရွာများရှိ ကျေးရွာ ကော်မတီဝင်များ၏ ငွေစာရင်းဖြည့်သွင်းထားရှိမှု၊ စာရင်းဇယားထိန်းသိမ်းမှုများနှင့် စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းဖြင့် သာယာအေးကျေးရွာတွင် ငွေကျပ် (၃၇) သန်းဖြင့် အိမ်ထောင်စု (၁၀၂) စု၊ နဘူးကွဲကျေးရွာတွင် ငွေကျပ် ၅ ဒဿမ ၄ သန်းဖြင့် အိမ်ထောင်စုပေါင်း ၁၁၃ အုပ်စု၊ ရွှေကွေ့ကျေးရွာတွင် ငွေကျပ် ၆၁ ဒဿမ ၂ သန်း ဖြင့် အိမ်ထောင်စုပေါင်း ၁၄၈ စု  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာပေါင်း (၃၉) ရွာရှိ အိမ်ထောင်စုပေါင်း (၅၅၅၂)စုမှ ငွေကျပ်(၁၇၂၆)သန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရထံမှ သိရသည်။

သင်းသင်းမြတ်