ပွင့်ဖြူ မေ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်တတ်သူတိုင်း စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး အတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပွင့်သာမြေစာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club) အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းနေ အရွယ်ကလေးများ စာပေအသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာရေးဆရာချစ်နိုင် ရေးသား သည့် “ဆန်းကြယ်သောကောင်းမှုအကျိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ရာ ရှေးဦးစွာ မြို့နယ်(Book Club)အဖွဲ့နာယက ဦးအောင်စန်းမြင့်က စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခြင်း၏ အကျိုး ကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်(Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုးက စာရေးဆရာချစ်နိုင်၏ “ဆန်းကြယ်သော ကောင်းမှုအကျိုး” စာအုပ်ဖြင့် လူမှုပတ်ဝန်းကျင်တွင် အသိပညာဗဟုသုတကြွယ်ဝ စေရန်အတွက် မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်တွင် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာရန်လို ကြောင်း၊ “အလိမ္မာ စာမှာရှိ”၊ “စာအုပ်စာပေ လူ့မိတ်ဆွေ” စသည့် စာပေဆောင်ပုဒ်များသည် လူတိုင်း ကို စာပေအသိပညာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်သည့်အလေ့အကျင့်များရရှိအောင် ဦးဆောင်လမ်းပြပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ စာပေဖတ်ရှုရာ၌ မိမိဘဝ၊ မိမိပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချနိုင်အောင် သိမှတ်ထားရန်လိုကြောင်း၊ စာပေဟုဆိုရာတွင် လူတိုင်းအတွက် ကောင်းကျိုးပြုသော မည်သည့်စာပေမျိုးမဆို ဖတ်မှတ်ထားရှိပါက တန်ဖိုးရှိပါကြောင်းစသည့် စာပေ ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် သိရှိမှတ်သားသင့်သော စာပေသိမှတ်ဖွယ်ရာများကို အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များ၊ (Book Club)နှင့် (Youth Club)အဖွဲ့မှ အဖွဲ့ဝင်များက ဆွေးနွေးပေးခဲ့သည့် စာပေသိမှတ်ဖွယ်ရာများအပေါ် သိရှိလိုသည် များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များ၊ စာပေဝါသနာရှင်များနှင့် ကျောင်းနေအရွယ်ကလေးများ စာပေအသိပညာ ဗဟုသုတတိုးပွားစေ ရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မြို့နယ်ပွင့်သာမြေ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် (Youth Club)အဖွဲ့တို့ပူးပေါင်းပြီး လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့အပြင် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် ဖွင့်လှစ်၍ ပြည်သူများအား သုတ/ ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း၊ မြို့နယ်ရုံးမြေစိုက်ဘုတ်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြုလုပ်ပြသပေးခြင်း၊ ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် ကဗျာရွတ်အစီအစဉ်၊ ပုံပြင်ပြောခြင်းအစီအစဉ်များ ကို ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)