သံဖြူဇရပ်၌ အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

သံဖြူဇရပ်  မေ  ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ သမဝါယမနှင့်ကျေးလက်​ ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၃၀အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က သင်တန်းအဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မော်လမြိုင်ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် မြို့ပြနှင့်ကျေးလက် တစ်ပြေးညီဖွံဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းတက်ရောက်ကြသည့် သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှရရှိသည့် အတတ်ပညာများဖြင့် မိမိ၏မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ကျေးရွာ(၅)ရွာမှ သင်တန်းသူ(၁၅)ဦးကို မေ ၁၇ ရက်​ နေ့မှ ဇွန် (၃၀) ရက်နေ့ထိ နံနက် ၉:၃၀ မှ ညနေ ၄:၃၀ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အေးအေးသီ