အောင်မြေသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် စာပေရေးရာဆွေးနွေးပွဲများ ပြုလုပ်

အောင်မြေသာစံ မေ ၁၇

မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ယနေ့နံနက်၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်စံပယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဆရာဦးဝင်းနိုင်(ရေချမ်း-မန်း)က ဦးဆောင်၍ စာရေးဆရာ မောင်ဉာဏ်သစ်၏ “ဦးနှောက်ကို ပဲ့ကိုင်ခြင်းစာအုပ်အပေါ်  ဦးဆောင်ဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေက “လူ့ဘဝအဓိပ္ပါယ် ရှာဖွေကြသူများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်သူ မသဲနုစံက “လူ့သဘာဝအကောင်း အဆိုးအမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာထောက်-၃ ဒေါ်သပြေစိုးက “မိမိကိုယ်ကို တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီးဖတ်ရှုဆွေးနွေးကြသည်။

စာရေးဆရာ ရေချမ်း(မန်း)က စာအုပ်ပါအကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို ဝန်ထမ်းများ၊ စာပေချစ်သူများနှင့်အတူ တစ်ဦးချင်းအပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၁ နာရီတွင်း စာပေရေးရာအသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး သုတ/ရသစာပေများနှင့်ပတ်သက်၍ စာရေးဆရာ ဦးဝင်းနိုင်(ရေချမ်း-မန်း)က မြန်မာစကားပုံမှာ ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားရှိကြောင်း၊ ရှေ့ကမိဘဘိုးဘွား အစဉ်အဆက်နဲ့ ရှေးလူကြီးသူမများက ၎င်းတို့၏အတွေ့အကြုံ၊ ရှောင်ရန်/ဆောင်ရန်များကို မျိုးဆက်သစ်များ သိရှိနိုင်ရေး လက်ဆင့်ကမ်းပြောကြားခဲ့ပါကြောင်း၊ ကျောက်ခေတ်တွင် တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် ခြေဟန်လက်ဟန်၊ ထိုမှတစ်ဆင့် ရုပ်ပုံရေးဆွဲခြင်းတို့ဖြင့် ဆက်ဆံ ပြောဆိုကြကြောင်း၊ စာပေသည် စကားမှဆင်းသက်လာခြင်းဖြစ်ပြီး စကားသည် ရုပ်ပုံများကို ကိုယ်စားပြုကြောင်း၊ ရုပ်ပုံသည် ထိရောက်မှုရှိသည့် ဘုံဝေါဟာရတစ်ခုဖြစ်ကြောင်း၊ စာထဲတွင် သုတပညာပါဝင်ပြီး သုတကို ထပ်မံခွဲစိတ်ကြည့်လျှင် ရသပညာကို တွေ့ရမည်ဖြစ်ကြောင်း၊ လူတိုင်း၏ ဘဝတွင် သုတ/ရသ စုံလင်စွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ သုတမှာအလင်းတံခါးကို ကျယ်စေပြီး ရသမှာ စိတ်ခွန်အားကို တိုးပွားစေကြောင်းဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း-အောင်စံ(ပြန်/ဆက်)