သာကေတ မေ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့သည့် သုတ၊ ရသစာအုပ်များအား သာကေတမြို့နယ်ရှိ စာကြည့်တိုက်မှတ်ပုံတင်ပြီးသည့် ရှင်သန်ခိုင်မာသောရပ်ကွက်ကိုယ်အားကိုယ့်ကိုး စာကြည့်တိုက် (၁၂)တိုက်အား ထပ်ဆင့်လှူဒါန်းခြင်းအခမ်းအနားအား ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖေသော်ရီမှ " ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာအုပ်၊ စာစောင်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်(၁၂၀)အား (၁)တိုက်လျှင် သုတ၊ ရသစာအုပ်(၂၇၃)အုပ်နှုန်းဖြင့် စာအုပ်ပေါင်း(၃၂၇၆၀)အုပ်ကို ဧပြီလ(၂၂)ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ရာ သာကေတမြို့နယ်ရပ်ကွက် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်(၁၂)တိုက်သို့ ထပ်ဆင့်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ရရှိသောစာအုပ်များအား စနစ်တကျထိန်းသိမ်းထားရှိရန်လိုအပ်ကြောင်းနှင့် စာကြည့်တိုက်များရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားကြမည်ဟူ၍ " အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့၀င် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်၀င်း၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ(အတွင်းရေးမှူး) ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူ၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့၀င် ဒေါက်တာသန်းထိုက်တို့မှ ရပ်ကွက်စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သင့်သည်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်ရပ်ကွက်စာကြည့်တိုက်ကော်မတီ၀င်များမှ စာကြည့်တိုက်ရပ်တည်မှုအခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖေသော်ရီမှ စာကြည့်တိုက်(၁)တိုက်လျှင်(၂၇၃)အုပ်၊ စာကြည့်တိုက်(၁၂)တိုက်အတွက် စာအုပ်ပေါင်း(၃၂၇၆)အုပ်အား ထပ်ဆင့်လှူဒါန်းပေးခဲ့ရာ ရပ်ကွက်စာကြည့်တိုက်(၁၂)တိုက်ကိုယ်စား (၁)ထူပါရုံရပ်ကွက်၊ သုတဘဏ်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးဇော်မင်းမှ လက်ခံရယူပေးခဲ့ကာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ ဆက်)