ဟိုပန်၌ Mobile Clinic ဆေးကုသခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပန် မေ ၁၇

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Mobile Clinic ဆေးကု သခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ရွှေဝါကျေးရွာ၌ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြည့်ကိုကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ မိုးရာသီကာလတွင် အဖြစ်များလေ့ရှိသည့် ငှက်ဖျားရောဂါနှင့် သွေးလွန် တုပ်ကွေးရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ခြင်များအလွယ်တကူ ပေါက်ပွားမှုမရှိစေရန် သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်​ပေးခြင်းများနှင့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Mobile Clinic ဆေးကုသခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို မေလ(၉)ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ အိမ်​ခြေ(၆၄၇)အိမ်၊ လူဦးရေ(၃၂၇၀)ဦးတို့အား ကွင်းဆင်းစစ်​ဆေးခဲ့ပြီး ဆေးကုသပေးခဲ့သည့် လူဦးရေမှာ အမျိုးသား(၁၇၉)ဦး၊ အမျိုးသမီး (၃၇၇)ဦးနှင့် အသက်(၅)နှစ်အောက် ကလေးငယ် (၁၄၆)ယောက်ရှိပြီး စုစုပေါင်း ပြည်သူ(၇၀၂)ဦးတို့အား ဆေးကုသပေးခဲ့ကြောင်း  ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)