မိုးနဲ မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အလယ်တန်းအဆင့် သင်ရိုးသစ်(Grade-8) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက သင်တန်းကို ပြည်နယ်အဆင့် နည်းပြသင်တန်းတက်ရောက်ပြီးသော ဆရာ/ဆရာမများနှင့် မြို့နယ်အတွင်းရှိ အလယ်တန်းပြဆရာ/ ဆရာမ များကို ပြန်လည်သင်ကြားပို့ချပေး မည်ဖြစ်ကြောင်းနှင့် ဆရာ/ ဆရာမများ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရန်၊ သင်ကြား သင်ယူမှုစနစ်သစ်၏ ထိရောက်မှုကိုနားလည်ရန်၊ သင်ရိုးသစ်ကို ကျောင်းသား/ ကျောင်းသူများ ကောင်းစွာသင်ယူနိုင်စေရန် ရည်ရွယ်၌ သင်တန်းကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၇၃)ဦး တက်ရောက်ခဲ့ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ဓါတု၊ ဇီ ၊ ပထဝီ၊ သမိုင်း၊ လူမှုရေး၊ ပြည်သူ့နီတိနှင့် စာရိတ္တ/ကာယပညာရပ်များကို နည်းပြ (၇) ဦးက (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)