မြို့သစ် မေ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ တောင်သူများသည် စိန်တစ်လုံးသရက်မျိုးများကို မြေအောက်ရေဖြင့် အသုံးပြု၍ စိုက်ပျိုးလျက်ရှိရာ ကွက်သစ်ရပ်ကွက်တွင် စိန်တစ်လုံးသရက်မျိုးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကွက်သစ်ရပ်ကွက်၊ မြို့သစ်နတ်မောက်ကားလမ်းဘေးရှိ ခြံဝန်းထဲတွင် သင်္ဘောပင်၊ ဂွေးပင်နှင့် စိန်တစ်လုံးသရက်မျိုးများကို စိုက်ပျိုးကြပြီး အဆိုပါစိုက်ပျိုးရေးကွင်းထဲမှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အောင်မြင်ဖြစ်ထွန်းသော်လည်း သရက်သီးသုံးလုံးကို တစ်ထောင်ကျပ်နှုံးဖြင့် ရောင်းချရကြောင်း၊ ယခင်နှစ်များက တစ်လုံးကိုငါးရာကျပ် ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်တွင် စိန်တစ်လုံးသရက်များ စိုက်ပျိုးသူများလာသဖြင့် သရက်သီးစျေးနှုန်းများ စျေးပျက်နေကြောင်း စိန်တစ်လုံးသရက် စိုက်ပျိုးသူမှ ပြောသည်။
မြို့သစ်မြို့နယ်တွင် စိန်တစ်လုံးသရက် ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း စျေးကောင်းရရန် စိုက်ပျိုးတောင်သူများ မျှော်လင့်နေကြောင်းသိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)