ပြည်ကြီးမဏ္ဍိုင် မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ (Community Center) ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ခန်းတွင် ကဗျာရွက်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာဟောပြောပွဲကို ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား/ကျောင်းသူလူငယ်လေးများသည် နိုင်ငံသားကောင်းအနာဂတ် ကြယ်ပွင့်လေးများဖြစ်သဖြင့် ထူးချွန်ထက်မြက်နေရုံသာမက အကျင့်စာရိတ္တကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကိုယ်အမူအရာယဉ်ကျေးခြင်း၊ နှုတ်အမှုအရာချိုသာသိမ်မွေ့ခြင်း၊ စိတ်အမူအရာမှန်ကန် ဖြောင့်မတ်သော အနာဂတ်သားကောင်းများဖြစ်သည့်အတွက် အကျင့်စာရိတ္တ အခြေခံသဘောတရားကို နားလည်လက်ခံပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိ ပညာဗဟုသုတများဖွံ့ဖြိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင်လည်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာ နိုင်ကြောင်းစသည်တို့ကိုဟောပြောပြီး ကလေးစာဖတ်ခန်း၌ ကဗျာရွက်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးမြတ်နန္ဒာ(ပြန်/ဆက်)