ဆီဆိုင်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

 

ဆီဆိုင် မေ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌  သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးတို့ကိုရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက မြကန်သာရပ်ကွက်ရှိ ဆီဆိုင်ဂေါက်ကလပ်ဝင်းအတွင်း၌ ၂၀၀၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပျိုးပင်များအား တာဝန်ရှိသူများ ထံပေးအပ်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သတ်မှတ် နေရာများတွင် ခါတော်မှီပျိုးပင်(၃၀၀)နှင့် ထင်းရှူး ပျိုးပင်(၃၀၀)၊ စုစုပေါင်းပျိုးပင်ပေါင်း (၆၀၀)ပင်ကို တပျော်တပါး စိုက်ပျိုးပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များက စုပေါင်း စိုက်ပျိုးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ကြ ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်၊ မိုးရာသီတွင် ပြည်သူလူထုသို့ဖြန့်ဝေရန် ပျိုးပင်(၂၀၀၀၀)၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ပျိုးပင်(၁၃၂၇၅၀)နှင့် ရေဝေရေလဲစိုက်ခင်း (၂၅)ဧက အတွက် ပျိုးပင် (၅၀၀၀)တို့ကို ဆိုက်ခေါင်ပျိုးဥယျာဉ်၊ နောင်ထော်ပျိုးဥယျာဉ်၊ ပန်ကန်းပျိုး ဥယျာဉ်တို့၌ ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 မျိုးမြတ်(ဆီဆိုင်)