ဇီးကုန်းမြို့နယ်တွင် ဈေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး

ဇီးကုန်း မေ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးနှင့် ကုန်ညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ‌ ဒေါ်မြင့်မြင့်ခင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူးဦးအောင်ညို၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီရိနွယ်၊ မြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြို့မဈေးကြီးအတွင်းနှင့် မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းပြီး Online ပေါ်တွင်ရောင်းချနေသည့် ရသေ့ဆေး (သို့မဟုတ်)ထိုင်းဗိန်းတောဆေး၊ အာရှရွှေကြယ်တံဆိပ်ဆေးနှင့် အခြားဆေးဝါးမှတ်ပုံတင်ခြင်း မရှိသည့် ဆေးများအား ရောင်းချမှုမရှိစေရေးနှင့် ကုန်ညွှန်းအမှတ်အသားများပြည့်စုံမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရသေ့ဆေး (သို့မဟုတ်)ထိုင်းဗိန်းတောဆေးသည် ထိုင်းနိုင်ငံFDAမှ စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေသည့် ဆေးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိ၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

တင့်ဆွေ