ဝေါ မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဝေါမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးအပ်ပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးနှင့် ပဲခူးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီး မန်နေဂျာ ဦးကျော်သူရတို့က ၂၀၂၂ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်တောင်သူများနှင့် တွေဆုံကာ ချေးငွေကိစ္စရပ်များနှင့် စိုက်ပျိုးရေး ကိစ္စရပ်များကို အားပေးစကားပြောကြားပြီး၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံက ၂၀၂၂ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးခြင်းနှင့် ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပေးသည်။
ဝေါမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု(၆၃) အုပ်စုမှ တောင်သူ(၈၈၁၅)ဦး၏ လယ်မြေဧက(၆၆၅၂၈)ဧကအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးကျပ် (၉၉၇၄ဒသမ၂၀) သန်းကို မေလ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး