မလှိုင် မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် (၁၀၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် အောင်ပွဲအထိမ်းအမှတ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်မှစတင်၍ အဆိုပါဘုရားကြီး၏ မြောက်ဘက်အာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မလှိုင်မြို့၊ မေဃဝတီ မိုဃ်းကောင်းကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တကဿပထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆွမ်းဆန်တော် ရေစက်ချတရားကို ဆရာတော်ထံမှပင် နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှအတန်းပေးဝေခဲ့ကြပြီး ကြွရောက်တော်မူလာကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲခြမ်းများနှင့် အခြားလှူဖွယ် ပစ္စည်းများကို လောင်းလှူခဲ့ကြသည်။
အဆိုပါနေ့က ပင့်သံဃာတော်(၄၂၉)ပါးနှင့် သီလရှင်ဆရာလေး(၅၄)ပါးတို့အား မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေး သန်း၊ ဦးအောင်ကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်၊ မြို့နယ်လဝက ဦးစီးမှူး ဦးသိန်းဟန်နှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဓမ္မစင်္ကြာဝတ်အသင်းများ၊ မြို့မိမြိုဖများနှင့် စေတနာရှင်၊ အလှူရှင်များ၊ စုစုပေါင်းအင်အား (၂၀၅၂)ဦးခန့်က စုပေါင်း၍ ဆွမ်းဆန်တော် (၄၃၇)တင်း၊ ဆီ (၁၁၄)ပိဿာ၊ ကုလားပဲခြမ်း (၉၀)ပိဿာ၊ ဝတ္ထုငွေ (၇၀၀၀၀ဝိ/-)ကျပ်ခန့်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ ထို့အပြင် ဆွမ်းဆန်စိမ်း လာရောက်လောင်းလှူသူများကို ဘုရားဆင်းတုတော် အဆူ(၃ဝ)ကို မဲဖေါက်၍ လှူဒါန်း ပေးခဲ့ပြီး ကြာဇံဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)