သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ( Talk Show )ဆောင်ရွက်

တောင်သာ မေ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ(၁၇)ရက် နေ့ နံနက်(၈)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ကျင်းပပြုလုပ်ကြောင်း သိရသည်။   

အဆိုပါ သဘာဝဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ သဘာဝဘေးအန္တရာယ် အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးမှူး ဒေါ်ခင်နီလာစိုးက သဘာဝဘေးအန္တရာယ် အသိပညာပေးနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ခင်နီလာစိုးက ဆွေးနွေးရာတွင် သဘာဝဘေးအန္တရာယ်များကြောင့်အတိ ဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအားလတ်တလော သက်သာချောင်ချိမှု ရရှိစေရေးအတွက် အထောက်အပံ့ပေးရန်၊ သဘာဝ ဘေး အန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။                           

ဆက်လက်၍  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လုပ်ငန်းတာဝန်များအနေဖြင့်  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာ လျော့ပါးရေးလုပ်ငန်းများ၊ သင်တန်းများနှင့် ပညာပေးလုပ်ငန်းများကို အစိုးရဌာနများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဒုက္ခရောက်ကြရသူများ၊ လတ်တလော စားဝတ်နေရေးပြေလည်စေ ရေးအတွက် အထောက်အပံ့ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် မြစ်နှင့်ပင်လယ်အတွင်း မျောပါပြီး ပြည်တွင်းပြည်ပသို့ရောက်ရှိသွားသော  ရေမျောဒုက္ခသည်များအား   ပြန်လည်ခေါ်ယူ၍   မူရင်းနေရပ်သို့ ရောက်ရှိရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ စစ်ရေးပဋိပက္ခ၊ လူမှုရေးပဋိပက္ခများကြောင့် လုံခြုံသောဒေသသို့  စုစည်းပြောင်းရွှေ့ရသည့် ပြည်သူများကို ထောက်ပံ့မှုပေးခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် သော်လည်းကောင်း၊ ပိုးမွှားတိရစ္ဆန်များ   ဖျက်ဆီးခြင်းကြောင့်သော်လည်းကောင်း၊ စိုက်ပျိုးထားသော သီးနှံများပျက်စီးသဖြင့် ငတ်မွတ်ခေါင်းပါးဘေး ကျရောက်သူများအား ထောက်ပံ့မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသမှ ဘေးသင့်ပြည်သူများ ကောင်းမွန်သော လူနေမှုဘဝရရှိရေးအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိမှုများအား ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရသည်။           

ကျော်မျိုးနိုင်(တောင်သာ)