မြဝတီမြို့၌ Grade 8 စနစ်သစ်(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းသို့ ဆရာဆရာမ ၃၃၃ ဦး တက်ရောက်

မြဝတီ မေ ၁၇

ကလေးများအားလုံး သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားရန်နှင့် ဆရာဆရာမများအားလုံး သင်ကြားမှုအရည်အသွေးများ ဖွံ့ဖြိုးတိုး တက်မြင့်မားလာရန် ရည်ရွယ်ပြီး Grade 8 စနစ်သစ်(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဆရာ ဆရာမ ၃၃၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက သင်တန်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က သင်တန်းပို့ချနေမှုများအား လိုက်လံကြည့်ရှုအားပေးသည်။

အဆိုပါ သင်တန်းကို မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြဝတီမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း အုပ်ကြီးများနှင့်အလယ်တန်းပြ ဆရာဆရာမများ စုစုပေါင်း ၃၃၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ပညာရေးအစီအစဉ်သစ်များ၏ သင်ရိုးသစ်များကို ကောင်းမွန်စွာတတ်မြောက်နားလည်ပြီး ဘဝအတွက်ထိရောက်အောင်မြင်သည့် ပညာအရည်အချင်းများပါသွားရန်၊ ကလေးများအားလုံး သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရန်နှင့် ဆရာဆရာမများအားလုံး သင်ကြားမှု အရည်အသွေးဖွံ့ဖြိုးတိုးတက် မြင့်မားလာစေဖို့ ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးထံမှ သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)