သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေများ စတင်ထုတ်ချေးပေး

သရက်ချောင်း မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူ လယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့ရှိ ဆင်ဖြူပြင်ရပ်ကွက်မှ တောင်သူ(၁၆)ဦးအား တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့်စပါးစိုက် (၁၀၅)ဧကအတွက် ချေးငွေကျပ် (၁၅၇၅၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၃၄)ရွာကို လျားထားပြီး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသွားမည်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်ပထမကနဦး ခွင့်ပြုငွေကျပ် (၇၅၀၀)သိန်းကို အတိုး(၅)ရာနှုန်းဖြင့် ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဒေါ်အေးသီတာထံမှ သိရသည်။

သားကြီး (သရက်ချောင်း)