နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေး စာအုပ်စာစောင်/ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများဆောင်ရွက်

နမ့်ခမ်း မေ ၁၇

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန် တွင် အသိပညာပေး စာအုပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုနယ်ဦးစီးအရာရှိ ဦးမိုင်းညီမောင်ဘဦးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ အသိပညာဗဟုသုတများ ရရှိစေရန် စာအုပ်စာပေဖတ်ရှုလေ့လာမှု တိုးပွားလာစေရန် စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှု၊ ရင်းနှီးထိတွေ့မှုများ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ခင်ကျင်းပြသခြင်း၊ စာအုပ်စာစောင်များဖတ်ရှုပြီး အသိပညာပေးစာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခြင်း၊ ပြည်သူများမှ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန် မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်းနှင့် အချိန်အခါနှင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေးလုပ်ငန်း အသိပညာပေး နံရံကပ်စာစောင်များနှင့် အသိပညာပေးဓာတ်ပုံများ ခင်းကျင်းပြသဆောင်ရွက်လျက် ရှိကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခင်းကျင်းပြသသည့် စာအုပ်စာစောင်များ၊ လျှပ်စစ်အန္တရာယ် ရေကြီးခြင်း အန္တရာယ်၊ မိုးကြီးခြင်းအန္တရာယ်၊ မြေပြိုခြင်း အန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့် ငလျှင်အန္တရယ် စသည့် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များနှင့်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန်အတွက် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း အသိပညာပေး စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှု ကြကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)