ပင်းတယမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ပင်းတယ မေ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ထယ်သွန်းကျေးရွာအုပ်စုတောင်သူများအား ၂၀၂၂ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယမန်နေ့ (မေလ၁၆ရက်)နေ့ မှစ၍ ထုတ်ချေးပေးလျက်ရှိသည်။

မိုးစပါးနှင့် အစေ့ထုတ်ပြောင်းစရိတ် ချေးငွေထုတ်ချေးသည့် ထယ်သွန်းကျေးရွာမှ တောင်သူများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် စနစ်တကျ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များကို ဘဏ်ခွဲမန်နေဂျာ ဒေါ်မို့မို့အေးက ရှင်းလင်းပြောကြားပေးခဲ့ပြီး စိုက်ပျိုးတောင်သူ (၃၉) ဦးတို့က မိုးရာသီ သီးနှံစိုက်ပျိုးနိုင်ကြရန် တင်ပြလာသော မိုးစပါးဧက (၁၂၁)ဧကနှင့် အစေ့ထုတ်ပြောင်း (၂၄)ဧက စုစုပေါင်း (၁၄၅) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ်ငွေနှစ်ရာ့ငါးသိန်းငါးသောင်း (၂၀၅၅၀၀၀၀)အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်ရှိ  ဒေသခံစိုက်ပျိုးတောင်သူများအနေဖြင့်  စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက် သို့ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးတို့ကို ရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။

အေးအေးလတ်