ဘားအံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ဘားအံ  မေ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် Mobile Library မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့  Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်စာပေဖတ်ရှုဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/သူများအား အားလပ်ချိန်များတွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ရှိ နောင်ဘိုကြီးပညာ့အလင်းသုခရိပ်မြုံ၊ ယက်ကန်းသင်တန်းကျောင်း၊ ပြည်နယ်ဆည်မြောင်းဦးစီးဌာနများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ၊ ရသစာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)