ညောင်ရွှေ မေ ၁၆
စစ်တုရင်အားကစားနည်းဖြင့် လူငယ်တို့၏ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ် လူရွယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်းဖြင့် ယှဉ်ပြိုင်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ စစ်တုရင်အားကစားကို စိတ်ပါ ဝင်စားသူများ၊ ဝါသနာရှင်များ ပေါ်ထွက်လာစေရန်၊ စစ်တုရင်အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အခြေခံစစ်တုရင်ကစားနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ(၁၆) ရက် နေ့လည်(၁၂)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ရွှေမြို့နယ် စစ်တုရင်ကော်မတီနာယက ဦးညိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးနေ မျိုးသူရိန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ် ဆက်ကြပြီး သင်တန်းကို စတင်သင်ကြားပို့ချခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလမှာ (၁၆.၅.၂၀၂၂)ရက်နေ့မှ (၂၀.၅.၂၀၂၂) ရက်နေ့အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ