ကလိန်အောင်မြို့၌ ကွမ်းသီးအနုများ ဈေးကောင်းရရှိပြီး အဝယ်လိုက်နေ

 

ကလိန်အောင် မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည် စိုက်ပျိုးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်သည် ဧပြီလနှင့် မေလအတွင်း၌ စတင်အပွင့်ပွင့်ပြီး အသီးကင်းနုများစတင်ထွက်လေ့ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျအသီးများအားလိုက်လံကောက်ယူပြီး ရောင်းဝယ်ခြင်းများရှိခဲ့သော်လည်း ယခုနှစ်များတွင် ကွမ်းသီးအကင်းအနုများ လိုက်လံဝယ်ယူမှုများရှိခဲ့ပြီး ဈေးကောင်းရရှိ၍ ကွမ်းသီးခြံရှင် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

နှစ်ရှည်သီးနှံပင်ဖြစ်သည့်ကွမ်းသီးပင်သည် ရာသီဥတု သဘာဝတောတောင် သင့်တင့်မှုရှိသည့် ကလိန်အောင်မြို့၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ်ကွမ်းသီးပင်စိုက်ပျိုးမှု တိုးပွားလျက်ရှိကား မြို့‌ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ကွမ်းသီးပင်စိုက်ပျိုးဧကပေါင်း (၂၅၀၀၀) ဧကကျော်ခန့်ရှိကြောင်းသိရသည်။

ယခုမေလအတွင်း၌ ကလိန်အောင်မြို့တွင် ကွမ်းသီးအကင်းအနုများအား ရောင်းဝယ်သူကုန်သည်များမှ လာရောက်ဝယ်ယူလျက်ရှိပြီး တရုတ်နိုင်ငံသို့တင်ပို့ရောင်းချကြပြီး ကွမ်းသီးအကင်း အနုတစ်လုံးလျှင် ငွေကျပ် (၄၅)ကျပ်မှ (၅၀)ကျပ်အထိ ဈေးနှုန်းရရှိကြောင်း၊ ကွမ်းသီးအရင့်မှာ တစ်လုံးလျှင် (၂၅) ကျပ်သာ ရရှိသည့်အတွက် ဈေးပိုမိုရရှိသည့် ကွမ်းသီးအကင်းအနုများကို ပိုမိုခူးယူရောင်းချလျက်ရှိကြောင်း  သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)