ပွင့်ဖြူမြို့နယ်၌  ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အချိန်မီထုတ်ချေးပေးနိုင်ရေး ညှိနှိုင်း ဆွေးနွေး

ပွင့်ဖြူ မေ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများအား ၂၀၂၂ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အချိန်မီ ထုတ်ချေးပေးနိုင်ရေး အတွက် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ချေးငွေ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ မိုးသီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်  မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို အချိန်မီ ထုတ်ချေးပေးနိုင်ရန်နှင့် စနစ်တကျ ထုတ်ချေးပေးနိုင်ရေး  တက်ရောက်လာသည့် မြို့နယ်‌ ချေးငွေအကြံပေးအဖွဲ့ဝင်များအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြကြရန် ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်‌ ချေးငွေအကြံပေးအဖွဲ့ အတွင်းရေးမှူး ဦးစန်းသော်                       (မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတာဝန်ခံ)က ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးရန် လျာထားမှုနှင့် ထုတ်ချေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ၂၀၂၂ ခုနှစ်အတွက် ဒေသခံတောင်သူများအား  မိုးသီးနှံချေးငွေ အချိန်မီ ထုတ်ချေးပေးနိုင်ရေးနှင့် ချေးငွေများ ထုတ်ချေးရာတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ထုတ်ချေးနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌက တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ဒေသခံ တောင်သူများ မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး ချေးငွေထုတ်ချေးရေးလုပ်ငန်းအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )