သာယာဝတီမြို့တွင် အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်

သာယာဝတီ မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင် ကာကွယ်စေရန် ရည်ရွယ်၍ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား ဒုတိယအကြိမ် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးနောက်  မြို့နယ်ကျန်းမာရေးမှူး ဒေါ်စန္ဒာထွန်းက HPV ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း၊ ကာကွယ်ဆေးတစ်ကြိမ်နှင့်တစ်ကြိမ် (၁၂) လခြားပြီးမှ ဒုတိယအကြိမ် ထိုးနှံရကြောင်း၊ သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် အကြောင်းအရင်းများစသည့် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)