ရန်ကင်းမြို့နယ်တွင် Grade -8 သင်ရိုးသစ် မြို့နယ်အဆင့်အလယ်တန်း ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကင်း မေ ၁၆

ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်(Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီက အမှတ်(၂) အခြခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ဆိုင်ရာ ​ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား GRADE-8 သင်ရိုးသစ် သင်တန်းပါဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၏ Basic concept များကို ပိုမိုသိရှိနားလည် အသုံးပြုသင်ကြားနိုင်ရန်နှင့် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်များ၏ ဖွဲ့စည်းပုံနှင့်အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန်အတွက်ရည်ရွယ်၍ ရန်ကင်းမြို့နယ်ပညာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကင်း​မြို့နယ်အတွင်းရှိ အလယ်တန်းသင် ဆရာ/ ဆရာမများ၏ သင်ကြားရေးစွမ်းရည်များ မြင့်မားတိုးတက်စေရေးအတွက် အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် GRADE-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် TEO (၁)ဦး၊ ရုံးအဖွဲ့(၃)ဦး၊ ကြီးကြပ်(၃)ဦး၊ ကျန်းမာရေးမှ(၃)ဦး၊ နည်းပြ(၇)ဦး၊ သင်တန်းသား(၄၇)ဦး၊ လေ့လာသူ(၇)ဦး၊ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်(၆)ဦး၊ ကိုယ်ပိုင်ကျောင်းမှ (၁၄)ဦး၊ စုစုပေါင်း(၉၁)ဦး တက်ရာက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေ(၁၆)ရက်နေ့မှ မေ(၁)ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး GRADE-8 သင်ရိုးသစ် လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း  စာရိတ္တနှင့်ပြည်သူ့နီတိ ပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပြန်လည်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ၏ သင်ကြား၊ သင်ယူမှုအရည်အချင်းများ တိုးတက်မြင့်မားပြီး  အရည်အသွေးရှိသည့် အနာဂတ်ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အိရွှေစင် (ပြန်/ဆက်)