ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းက Book Club အဖွဲ့ဝင်များမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏"အားတင်းထား" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌဦးလှိုင်ဝင်းကစာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏"အားတင်းထား"စာအုပ်မှ "သင်မှပြင်မှဘဝပိုလှ"ဆောင်းပါးတွင် လူ့ဘဝရှင်သန်ရပ်တည်ဖို့ ဘဝပေးတာဝန်သုံးရပ်ရှိပြီး၊ လောကအကျိုး၊ မိဘ၊ဆွေမျိုးအကျိုး၊ ကောင်းအောင် လုပ်ပေးနိုင်သလို  မိမိအကျိုးအတွက်က မိမိကိုယ့်ကိုပျိုးထောင်မြှင့်တင်ချင်တဲ့စိတ်ရှိဖို့လိုကြောင်း၊ သင်မှ ပြင်မှ ဘဝကတန်ဖိုးရှိရှိရပ်တည်နိုင်မယ် စတဲ့အသိပညာပေး ရေးသားထားမှုအား ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ တတ်ရောက်လာကြသောစာပေချစ်မြတ်နိုးသူBook Clubအဖွဲ့ဝင် များနှင့်  Youth  Clubအဖွဲ့ဝင်များကမိမိတို့၏သဘောထားအမြင်များကို အပြန်အလှန်ဆွေးနွေး ပေးခဲ့သည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  လစဉ်အသိပညာပေးကဏ္ဍများကို တင်ဆက်ပေးလျက်ရှိရာ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်  စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊  ဟောပြောပွဲများနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲစတဲ့ ပြည်သူများဗဟုသုတရရှိစေမည့်ကဏ္ဍများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)