ဖျာပုံ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့်ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများက မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၂၉၇၉)ပါးအတွက် ဆွမ်းဆန်တော်ဆန်၊ဆီ၊ဆား၊ပဲ ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့နေ့လည်(၂)နာရီခွဲအချိန်က ဖျာပုံမြို့ရတနာ့ သိဒ္ဓိသာသနာ့ ဗိမာန်တော်ကြီးတွင် ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး၊ ဖျာပုံမြို့တိုက်သစ်ကျောင်းဦးစီးပဓာနနာယက၊ နိုင်ငံ တော်ဗဟို သံဃာ့ဝန်ဆောင်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသန္ဓမ္မဇောတိကဓဇ၊ ဘန္ဒန္တသူရိယဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ပွားသရဇ္စျာယ်တော်မူကြသည်။
ထို့နောက်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းကလျှောက်ထားတော်မူပြီး၊ သံဃာတော်အရှင်သူမြတ်တို့အား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွမ်းဆန်တော်နှင့်လှူဖွယ် ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဖျာပုံမြို့တိုက်သစ်ကျောင်းဦးစီးပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသန္ဓမ္မဇောတိကဓဇ၊ ဘန္ဒန္တသူရိယဆရာတော် ဘုရားကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းနှင့်အဆိုပါလှူဒါန်းပွဲတွင် ဖျာပုံမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၀၈)ကျောင်း အတွက်ဆွမ်းဆန် တော်( ၄၉၆)အိတ်၊ဆီ( ၁၄၈၉)ပိဿာ၊ဆား(၇၄၄)ပိဿာ၊ပဲ( ၁၄၈၉)ပိဿာ၊စုစုပေါင်းတန်ဖိုး ငွေကျပ်(၃၀၇၉၀၀၀၀)ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းနိုင်