ဖောင်းပြင် မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာသည် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိပြီး ချင်းတွင်းမြစ်ရေမြင့်တက်လာကာ ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျခြင်း၊ မြစ်အတွင်း သွားလာနေကြသော ရေယာဉ်များ၏ ရေလှိုင်းများကြောင့် ကမ်းပါးပြိုကျခြင်း၊ ရာသီဥတုကြောင့်ဖြစ်ပေါ်သော ရေလှိုင်းများမှ မြစ်ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်လေ့ရှိရာ ကျူဝါးပင်နှင့် ကိုင်းကြံပင်(ခေါ်) ကြံစိမ့်ပင်များကို စိုက်ပျိုးခဲ့ခြင်းကြောင့် ယခုအခါမြစ် ကမ်းပါးပြိုကျခြင်းအန္တရာယ်မှ ကင်းဝေးနေပြီဖြစ်ကြောင်း အဆိုပါကျေးရွာက ဒေသခံတစ်ဦးထံမှ သိရသည်။
ယခင်က မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၅၀ခန့် ပြောင်းရွှေ့ခဲ့ကြရပြီး ၂၀၁၇ ခုနှစ် မြစ်ကမ်းပါးပြိုကျမှုတွင်လည်း နာရေးကူညီမှုအသင်းရုံးနှင့် နာရေးကူညီမှုယာဉ်တစ်စီး ဆုံးရှုံးခဲ့သည်။ ထို့သို့ မြစ်ကမ်းပါးပြိုကျခြင်းကို ကာကွယ်နိုင်ရန်အတွက် ရွာဦးဘုန်းတော်ကြီးကျောင်းဆရာ တော်၏ ဦးဆောင်မှုဖြင့် မြေထိန်းနံရံနှင့် ရေကာတာများပြုလုပ်ကာ ယာယီကာကွယ်နိုင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှး၏ ပြောကြားချက်အရ သိရသည်။
ယခုအခါ ကျူဝါးပင်နှင့်ကိုင်းကြံပင်များစိုက်ပျိုးထားခြင်းကြောင့် မြစ်ကမ်းပါးပြိုကျခြင်းအန္တရာယ်မှ ကင်းဝေးနေသည့်အပြင် မြေနုကျွန်းများဖြစ်ပေါ်ကာ သီးနှံများစိုက်ပျိုးအောင်မြင်ဖြစ် ထွန်းနေသည့် အကျိုးကျေးဇူးများ ရရှိနေကြပြီဖြစ်သည်။ မြစ်နှင့်ချောင်းကမ်းနံဘေးတွင် နေထိုင်ကြသည့်ပြည်သူများအနေဖြင့် ကမ်းပါးပြိုကျခြင်းမှ ကာကွယ်နိုင်ရန် ကျူဝါးပင်နှင့်ကိုင်းကြံပင်များသည် စိုက်ပျိုးသင့်သည့် အပင်များဖြစ်သည်။
ကျူဝါးပင်နှင့် ကိုင်းကြံပင်များကို မြစ်ရေကျဆင်းချိန် အောက်တိုဘာလမှစ၍ မြစ်ကမ်းတစ်လျှောက်တွင် အပင်ခြား ၄ ပေမှ ၅ ပေခန့်ခြား၍ စိုက်ပျိုးခဲ့ကြရာ ချင်းတွင်းမြစ်ရေပြန်လည် မြှင့်တက်ချိန် ဇွန်လအထိ ရှစ်လဝန်းကျင်အတွင်း အပင်များကောင်းစွာ ကြီးထွားနေကြပြီ ဖြစ်သည်။ ယင်းအပင်များကိုစိုက်ပျိုးခြင်းဖြင့် ရေစီးသန်သည့်အရှိန်ကိုတားဆီးနိုင်ခြင်း၊ အပင်တစ်ပင်နှင့်တစ်ပင် ရောယှက်စုဖွဲ့မှုအားကောင်းလျှင် ရေတိုက်စားခြင်း ရေလှိုင်းရိုက်ခတ် ခြင်းကြောင့် ကမ်းပါးပြိုကျခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)