ကျိုက်လတ် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၊တပေတမော့ကျေးရွာအုပ်စု၊ကျုံလှကျေးရွာရှိ ဓမ္မဝိဟာရဘိုးဘွားရိပ်သာ ကျောင်းအတွင်း၌ ဆရာတော် ဦးဓမ္မသုခမှ ဦးဆောင်ကြီးမှူး ဒါနပြု၍ ၇ ရက်သားသမီးများ၏ကောင်းမှုအလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် ရွှေဘုန်းပွင့်စေတီတောမြတ်ကြီး ထီးတော်တင် မင်္ဂလာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ထီးတော်တင်လှူ ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး ရုပ်ဆိုင် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက်ရွှေဘုန်းပွင့်စေတီတော်မြတ် ကြီး၏ စိန်ဖူးတော်အား ဓမ္မဝိဟာရဘိုးဘွားရိပ်သာကျောင်း ဦးဆောင်ဆရာတော် ဦးဓမ္မသုခထံသို့ ဘုရားဒါယကာ ဦးလှထွန်းအောင်၊ ဘုရားဒါယိကာမ ဒေါ်နုနုရင် (အောင်တံခွန်ဆန်စက်) မိသားစုတို့ ကလည်းကောင်း၊ ငှက်မြတ်နားတော်အား သက်တော်ရှည် နန္ဒဝန်ဆရာတော်ကြီးထံသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျကလည်းကောင်း၊ ပန်းလုံးတော်နှင့်ဆတ်သွားဖူးတော်ကို အဖွဲ့ဝင်-၁ ဗိုလ်မှူးရဲမင်းက ရုပ်ဆိုင် ဆရာတော်ထံသို့လည်းကောင်း၊ ထီးတော်ကြီး၏ ပထမနှင့် ဒုတိယဘုံဆင့်တို့ကို အဖွဲ့ဝင်-၂ ဦးစိန်မြင့်က ဆရာတော်ဦးဓမ္မသုခထံသို့လည်းကောင်း၊ ထီးတော်ကြီး၏ တတိယနှင့် စတုတ္ထဘုံဆင့်တို့ကို အဖွဲ့ဝင်-၃ ဦးထွန်းဆွေကလည်းကောင်း၊ထီးတော်ကြီး၏ ပဥ္စမဘုံဆင့်ကိုအတွင်းရေးမှူးရဲမှူးမျိုးမြင့်ဝင်းကလည်း ကောင်း၊ ဆဋ္ဌမနှင့်သတ္တမဘုံဆင့်ကို အခြား တာဝန်ရှိသူများကလည်း ကောင်းဆရာတော်ကြီးများထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အရံစေတီ (၃၂) ဆူအတွက်လည်း ရွှေထီးတော်များကို အလှူရှင်များက ဆရာတော်များထံအသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးကို ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ အရံစေတီထီးတော်များဖြင့် လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ပန်းရထားဖြင့်တင်လှူပူဇော်ခဲ့သည်။ ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ဘုရားအမှူးရှိသော ဆရာတော်သံဃာတော် (၆၃)ပါးတို့ကို ပစ္စည်းလေးပါးနှင့်ဒါတဗ္ဗဝတ္ထုအစုစုတို့ ဖြင့်ဆွမ်းတော်ကြီးလောင်းလှူခဲ့ကြကြောင်းသိရသည်။
ရီရီမြင့်