မင်းဘူး မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အကြိမ်(၆၀)မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာအပါး (၅၀၀)ကျော်အား သံဃဒါနမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့လောင်းလှူရာတွင် ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှပင့်ဆောင်၍ ပရိတ်ရွတ်ဖတ်ပူဇော် ယာဉ်နောက်တွင် ပင့်သံဃာ ဆရာတော်အရှင်သူမြတ် အပါး(၅၀၀)ကျော်ဖြင့် မင်းဘူးမြို့အမှတ်(၂) ရပ်ကွက် အောင်ဓမ္မာရုံမှစတင်ကာ မြို့အနှံ့တစ်လမ်းဝင်တစ်လမ်းထွက် ကြွရောက်တော်မူခဲ့ပြီး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့သူ/မြို့သားများ၊ ဈေးသူ/ဈေးသားများနှင့် စေတနာရှင် အလှူရှင်များက ဆွန်းဆန်တော်၊ ကြက်သွန်နှင့် ဆပ်ပြာအပြင် လှူဖွယ်ဝတ္ထု ပစ္စည်းမျိုးစုံကို မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာ လောင်းလှူပူဇော်ခဲ့ကြသည်။
မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ အေးချမ်းစွာ အလှူခံကြွရောက်တော်မူနိုင်ရန်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကုသိုလ်ပြုလိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များက ရေသန့်၊ အအေးမျိုးစုံဖြင့် ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် အကြိမ်(၆၀) ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်းမှ ကျောင်းတိုက်ပေါင်း(၈၈)ကျောင်းမှ ပင့်သံဃာ ဆရာတော်အရှင်သူမြတ်အပါး (၅၅၀)ပင့်ဆောင်ခဲ့ပြီး သံဃာတစ်ပါးလျှင် ဆွမ်းဆန်တော် နှစ်တင်းခန့်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံကို အလှူခံရရှိခဲ့ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)