စလင်း မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ ကျေးလက်နေဒေသခံတောင်သူများသည် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရင်းဖြင့် အသက်မွေးဝမ်းကျောင်း မိရိုးဖလာအလုပ်အဖြစ် လုပ်ကိုင်လျက်ရှိရာ စလင်းမြို့နယ်ပေါင်းထူး (ကွင်းအမှတ် ၅၀၀)ကွင်းတွင် စိုက်ပျိုးထားသည့် တောင်သူဦးဉာဏ်မြင့်၏ နွေနှမ်းစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ အများအပြားစိုက်ပျိုးကြရာ တမာချောင်းကျေးရွာနေတောင်သူစိုက်ပျိုးထားသည့် ကွင်းအမှတ် (၅၀၀)တွင် ၁၀ ဧက စိုက်ပျိုးထားသည့် နှမ်းအမျိုးအစားမှာ (စမုံနက်)ဖြစ်ပြီး ၁ ယောက်စိုက်ကို ၅ ပုံးနှုန်းဖြင့် ၁ ဧက ၃ပြည်နှုန်း၊ ၁၀ ဧကကို ကြောင်းဆွဲစိုက်ပျိုးခဲ့သည့်နေ့မှ ၃၅ ရက် ၄၀ ရက် ဆိုလျှင် အဖူးအပွင့်များ၊ အသီးကလေးများထွက်ပေါ်လာပြီး ရက် ၉၀ သက်တမ်း စိုက်ပျိုးရသည်။ နယုန်လကုန်တွင်ရိတ်သိမ်းရမည်ဖြစ်ကာ ယခုနှစ်တွင် နွေနှမ်းစိုက်ပျိုးရာ၌ မြေအောက်ရေကိုအသုံးမပြုရဘဲ အစိုးရဆည်များမှရေကိုအသုံးပြုရသည့်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး ယခင်နှစ်ကနွေနှမ်းစိုက်ပျိုးရာတွင် မြေအောက်ရေကိုအသုံးပြုခဲ့ရာ ဒီဇယ် ၁ ပေပါကို ၃ သိန်းကျပ်နှုန်းဖြင့် ၄ ပေပါကုန်ကျခဲ့၍ ရာသီဥတုမမှန်ရေမရရှိခြင်းတို့ကြောင့် အမြတ်အစွန်းနည်းခဲ့ပြီး၊ ယခုနှစ်တွင်ရာသီဥတုလဲမှန် အစိုးရဆည်များမှပေးသည့်ရေများကို အကျိုးရှိစွာ အသုံးပြုရသည့်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဟုသိရသည်။ ယခင်နှစ်က စမုံနက် ၁ တင်း ကို ၇၂၀၀၀ ကျပ်နှုန်းဖြင့် မကွေးမြို့မှကုန်စည်ဒိုင်များသို့ တင်း ၁၄၀ တင်း ရောင်းချခဲ့သည်။ ယခုနှစ်တွင်လည်း မြေအောက်ရေကိုအကျိုးရှိစွာအသုံးပြု၍ စမုံနက်နှမ်းရောင်းချခြင်းမှ အမြတ် အစွန်းများစွာအကျိုးဖြစ်ထွန်းကြောင်း တောင်သူဦးဉာဏ်မြင့်ပြောကြားချက်အရ သိရှိရသည်။
မောင်လွင်(စလင်း)