ငဖဲ မေ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကဆုန်လပြည့်နေ့တိုင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီအချိန်က(၂၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ငဖဲမြို့ကျောင်းတွင်းရပ်ကွက်ရှိ ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးကျောင်းမှ စတင်၍ မြို့လယ်လမ်းမတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၂)ကျောင်းမှ သံယာတော်အပါး(၁၂၀)ကြွရောက်တော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိသားစုများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို စေတနာသဒ္ဒါတရားထက်သန်စွာ လောင်းလှူခဲ့ကြပြီး မြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံတွင် လှူဒါန်းမှုအစုစုတို့အတွက် တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ကုန်းမြင့်ရတနာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်းခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)