ထီးချိုင့် မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် နိုင်ငံတော်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော(၃၇)နှစ် မြောက် ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်လက်မှတ်ဆက်ကပ်ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ထီးချိုင့်မြို့ အမှတ်(၂)ရပ်ကွက် သိုက်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့၍ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူပူဇော်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခဲ့သည်။ ဆက်လက်၍ (၂၀၂၁)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆို အောင်မြင်ခဲ့ကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် (၁၆)ပါးတို့အား စာအောင်လက်မှတ်များ၊ စာအောင်ဆုနှင့် လှူဖွယ်ဝတ္ထုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ ရဲမှူးပြေဦး၊ ဗိုလ်မှူးဇော်မျိုးရီ၊ မြို့နယ်သာသနာရေးမှူး ဦးမြင့်ထွန်းနှင့်တာဝန်ရှိသူများမှ အသီးသီးဆက်ကပ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)