အင်းတော် မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မေလ(၁၃)ရက်နေ့၊ ညနေ(၃)နာရီခွဲ အချိန်က အကြိမ်(၄၀)မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို အင်းတော်မြို့နယ် မြို့မပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ အောင်းကုန်းဆရာတော် ဦးကေသရက ဩဝါဒကထာမြွက်ကြားခဲ့ကာ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး စာချဆရာတော်များနှင့် ကြီးကြပ်ဆရာတော်များအား ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ပထမကြီးတန်း(၁)ပါး၊ အခြေပြုမူလတန်း(၅)ပါး၊ စုစုပေါင်း စာအောင်သံဃာ(၆)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြကြောင်း၊ မြို့နယ်သံဃာနာယက ဉက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ " ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား ကျင်းပပြီးနောက် ဆရာတော်၊ သံဃာတော်များနှင့် စာဖြေသံဃာတော် စုစုပေါင်း သံဃာတော်အပါး(၁၀၀)ကျော်တို့အား ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်သီဟ(ပြန်/ဆက်)