ပြည် မေ ၁၄
ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၁၀၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို အခမ်းအနားအစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ အခမ်းအနားပထမပိုင်းအစီအစဉ်ကျင်းပရာဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသော တက်ရောက်လာသည့် ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့၊ ဝေယျာဝစ္စအဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများက နမောတဿ ဗုဒ္ဓပဏာမ ဂါထာတော် သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပြည်မြို့ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ တက်ရောက်လာကြသူများက ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပေးတော်မူကြကာ ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျဂေါပကအဖွဲ့ဝင် ဦးသိန်းဝင်းက ဆရာတော်ကြီးများထံ ကဆုန်ညောင်ရေသွန်းပွဲကျင်းပရခြင်းအား တင်ပြလျှောက်ထားသည်။
ယင်းနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့တာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော်ကြီးက ဩဝါဒကထာနှင့် အနုမောဒနာတရားချီးမြှင့်တော်မူကာ ဝေနေယျသတ္တဝါအပေါင်းတို့အားရေစက်သွန်းချအမျှပေးဝေ၍ဧည့်ပရိတ်သတ် အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားပထမပိုင်း အောင်မြင်စွာပြီးမြောက်ခဲ့သည်။
ဆက်လက်၍ စေတီတော်ရင်ပြင် အလယ်ပစ္စယံရှိ မဟာဗောဓိပင်၌ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပရာ ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများက မဟာဗောဓိညောင်ပင်တော်အား “ဇယန္တော ဗောဓိယာမူလေ” ဂါထာတော်ဖြင့် ညောင်ရေသွန်းလောင်းတော်မူကြပြီး ဒေသကွပ်ကဲရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော တက်ရောက်လာကြသူများနှင့် ဘုရားဖူးလာပြည်သူများကလည်း အဆိုပါဂါထာတော်ရွတ်ဆိုဆုတောင်း၍ မဟာဗောဓိညောင်ပင်တော်အား ရေစင်သွန်းလောင်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)