ကျောက်တံခါး စက်တင်ဘာ ၄
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီ အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဌာနဆိုင်ရာရုံးများတွင် ယမန်နေ့ နံနက်ပိုင်းက နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူအများ ဝင်ထွက်သွားလာမှုများသည့် ဆေးရုံ၊ ရဲစခန်း၊ မြေစာရင်း၊ မြန်မာ့လယ်ရာ ဖွံ့ဖြိုးရေးဘဏ်၊ တရား ရုံး၊ လ-ဝ-ကရုံး၊ မြန်မာ့စီးပွားရေးဘဏ်ရုံးဌာနများရှိ ဝန်ထမ်းများအတွက် နှာခေါင်းစည်း Mask များ (၈၀၀) လှူဒါန်းခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါလက္ခဏာများ ပါဝင်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ လူစည်ကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)