ရေတာရှည် စက်တင်ဘာ ၄
ပဲခူးရိုးမတောကြီးနှင့် ထိစပ်လျက်ရှိသော ရေတာရှည်မြို့နယ်အတွင်း ဆွာမင်းလမ်း၊ မြောက်လွှတ်ကုန်း၊ ရွှေသပြေ ကျေးရွာများရှိ ဒေသခံအချို့သည် ဝေးလံသော ပဲခူးရိုးမတောတွင်းအထိ ခက်ခဲပင်ပန်းစွာ သွားရောက်၍ ဝါးများကို ခုတ်ယူကြရသော်လည်း ပြန်လည် ရရှိသည့် အကျိုးအမြတ်မှာ နည်းပါးလှကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဝါးတောတက်ပြီဆိုရင် ၁၀ ရက်စာ ရိက္ခာကို ရွာစျေးဆိုင်ကနေ အကြွေးဝယ်ပြီးယူ သွားရတယ် တောတွေမှာက ဝါးကြီး ဝါးသန့်တွေက အတော့်ကိုရှားကုန်ပြီ လုပ်သားတစ်ယောက်မှ တစ်ရက်ကို အလုံး ၂၀ လောက်ပဲ ခုတ်နိုင်တာ ထမ်းသယ် ရတာ တောင်ဆင်းတောင်တက်တွေဆိုတော့ ပုခုံးတွေဆိုအထိတောင် မခံနိုင်အောင်ပါပဲ နှီးဖျာတော့လဲ ခြင်တွေက တစ်အား ကိုက်တော့ ခုန်ဆွခုန်ဆွရမ်းရင်းနဲ့ပဲလုပ်ရတာ ကျွန်တော်တို့ဆို ဘန့်ဘွေးပင်၊ ကျောက်တစ်လုံး၊ ဝါးရဲကြီး၊ ဝါးရဲလေး အထက်သိုင်း အထိ သွားတယ် သိုင်းချောင်းအရောက်ကို တောတွင်းကနေ ၅ မိုင် ၆ မိုင်လောက်ကို တောင်ဆင်းတောင်တက်လမ်း တွေအတိုင်း ဝါးလုံး ကြီးရင် ၄ လုံး ဝါးသေးဆိုရင် ၅ လုံးကို ပုဆိုးကွင်းသိုင်းပြီး မျောက်မီးလှန်ထမ်း ဆွဲရတော့ အရမ်းပင်ပန်းတယ်”ဟု ဆွာမင်း လမ်း ကျေးရွာနေ ဝါးခုတ်သား ကိုဝင်းလှိုင် က ပြောကြားသည်။
ဝါးခုတ်သူများအနေဖြင့် မိုးရာသီကာလ၌ သိုင်းချောင်းမှတဆင့် ဖောင်ဖွဲ့မျှောကြရပြီး အထက်သိုင်းဒေသမှ နံနက်စောစော မျှောသည့်အခါ ရေကောင်းလျှင် နေ့မွန်းလွဲပိုင်းအချိန် ရောက်နိုင်သော်လည်း ရေနည်းသွားသည့်အခါ သောင်တင်နေပါက လူဖြင့် ဝါးဖောင်ကို ရှေ့မှဆွဲရသည့်အခါများ ရှိသည့်အတွက် လမ်းခရီးအခက်အခဲကြောင့် ရက်ကြာပြီး ပါလာသည့် စားရိက္ခာ ပြတ်သွားသဖြင့် ချောင်းတစ်လျောက်ယာတဲများကနေ ထမင်းတောင်းစားရသည် များလည်း ကြုံတွေ့လေ့ရှိကြောင်း သိရသည်။
သိုင်းချောင်းမှတဆင့် ဆွာချောင်းသို့ ဆက်လက်မျှောယူ၍ ရန်ကုန်-မန္တလေး ကားလမ်း ဆွာချောင်း တံတား ရောက်လျင် ဝါးအရောင်း အဝယ်လုပ်သူများကို ဝါးတစ်လုံးလျင် ၂၅၀ ကျပ်ဖြင့် ရောင်းချကာ ဝါးဝယ်ယူများက ဝါးတစ်လုံးလျင် ၅၀၀ ကျပ် ဖြင့် စျေးကွက် သို့ပြန်လည်ရောင်းချပြီး ပျော်ဘွယ် မိတ္ထီလာ ၊ မြစ်သား၊ မလိုင်မြို့များသို့ ဝါးအလုံး လိုက်၊ ဝါးကဒ်များ ပြုလုပ်တင်ပို့ ရောင်းချကြခြင်း ဖြစ်သည်။
ဆု(ပြန်/ဆက်)