ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်

ဇလွန်  စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခိုင်ဝင်း၊ ဟင်္သာတခရိုင် ငါးလုပ်ငန်ဦးစီးဌာနမှူး ဦးတင့်လွင် ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ ၊ ငါးမွေးတောင်သူများ တက်ရောက်ကြပြီး ဇလွန်မြို့နယ် အတွင်းရှိ ငါးမွေးတောင်သူ (၁၈) ဦးထံသို့ ​ငါးကန်တစ်ဧကလျှင် ငါးသားပေါက် အကောင်ရေ (၂၀၀၀) နှုန်းဖြင့် ငါးမွေးဧက ( ၆၆.၉၀ ) ဧကအတွက် ငါးမြစ်ချ​င်း သားပေါက် အကောင်ရေ ( ၁၃၃၈၀၀) ကို ပထမအကြိမ် အခမဲ့ထောက်ပံ့ပေးခဲ့သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် ( CERP) အရ ငါးမွေးတောင်သူများအား ငါးသားပေါက်လုပ်ငန်းနှင့် ငါးမွေးမြူရေး လုပ်ငန်းများ ရပ်တန့်သွားခြင်း မရှိစေရန် ၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊  ငါးရိက္ခာ ဖူလုံမှုရှိစေရန် ရည်ရွယ်၍ ယခုလို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ပြောကြားချက်အရ သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)