ကန့်ဘလူ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာပေဝါသနာရှင်လူငယ်များ ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားထားသည့် လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ် စာအုပ်မှ လူငယ်နဲ့ပျော်ရွှင်မှု ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ဆန်းက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင် လူငယ်များက “လူငယ်နဲ့ပျော်ရွှင်မှု ”ခေါင်းစဉ်ပါ စာပိုဒ်များကို ဖတ်ကြား၍ ပျော်ရွှင်မှုကို စာနာမှု၊ နားလည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု ဆိုတာတွေနှင့် တည်ဆောက်လို့ ရကြောင်း၊ မေတ္တာတရား၊ မုဒိတာနှင့်ဖန်တီးလို့ရကြောင်း၊ ပျော်ရွှင်မှုသည် ငွေထက်ကောင်းသည့် အသိစိတ်ဓာတ်တွေနှင့် တည်ဆောက်လို့ရနိုင်ပုံ အကြောင်းအရာများအား ၎င်းတို့၏ အတွေးအမြင် အသိများများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အယူအဆ အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများ ဖြစ်လာစေရန် လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)