ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ပညာပေး ဆွေးနွေး

ဝေါ မေ ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများ အရောက် ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျုံရဲ့ကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ဗိုလ်ကတော်ကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးပညာပေး ဆွေးနွေးပွဲကျင်းပကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်သန့်က ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေးနှင့် ရာနှုန်းပြည့်ထိုးနှံရေး၊ စိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေးအကြောင်းကို လည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မိုးလွင်က ဆီထွက်သီးနှံနေကြာ သီးသန့်စိုက်ပျိုးရေး၊ စပါးမျိုးကောင်း မျိုးသန့် စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ သဘာဝမြေဆွေးပြုလုပ်ခြင်း အကြောင်းတို့ကို ပညာပေး ဆွေးနွေးပေးသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်ရာသည့် ဌာနဆိုင်များက ပညာပေး ဆွေးနွေးပေးသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ပိုက်ဆံလျှော် မျိုးစေ့များပေး အပ်ကာ အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲပုံကို လက်တွေ့သရုပ်ပြပေးကြောင်း သိရသည်။

စိုးမိုးအောင်