ပေါက်ခေါင်းမြို့နယ်၌ ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး နည်းပညာ‌ပေး ဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း    မေ    ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့ နံနက် ၉ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာများက ထန်းတပင်ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့် ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့် ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းက တောင်သူများ အနေဖြင့် စပါးသီးနှံအပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းအပါအဝင် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးပါရန်နှင့် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အစားထိုးသုံးစွဲကြပါရန်၊ အခြားဌာနများမှလည်း လယ်ယာမြေရေရရှိရေးနှင့် စိုက်ပျိုး‌ ရေပေးဝေမှု အခြေအနေများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် နေဗီယာမြက်စိုက်ပျိုးရေး၊ လယ်ယာ‌မြေအသုံးချမှုနှင့် လယ်ယာ‌ မြေဥပဒေများအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် အသိပညာ‌ ပေးပြောကြားခဲ့သည်။

ထို့နောက်ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးက တောင်သူများအား ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အသုံးပြုစေလိုကြောင်းနှင့် ကျေးလက်ဦးစီးဌာနမှ ဆပ်ပြာဆီ ပြုလုပ်သုံးစွဲနည်းကို လက်တွေ့သရုပ်ပြ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်‌မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် လဝကဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက် ခဲ့ကြသည်။ အဆိုပါနည်းပညာပေးသင်တန်း ဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်