ဟင်္သာတ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်မှအထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေ အသစ် ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးနှင့် ဧရာဝတီ တိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးအေးသိန်းတို့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေအသစ် ထုတ်ချေးပေးရေး လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချေးငွေစိစစ်ရေး အတွင်း ရေးမှူးများ၏ သိရှိလိုသော မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးချမ်းငြိမ်းအောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ နှင့် ဝန်ထမ်းများ ဟင်္သာတမြို့နယ်အတွင်း ၁၀၅ ဘဏ် အုပ်စုအနက်မှ ၈၅ အုပ်စုတို့မှ ဘဏ်အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး ၁၇၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ