ကြံခင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ လုပ်ငန်းဆိုင်ရာ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကျင်းပ

ကြံခင်း  စက်တင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြံခင်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ ပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ လုပ်ငန်းဆိုင်ရာ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမြို့နယ် ဆရာဝန်ကြီး ဒေါက်တာဦးဝင်းနိုင်က ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်က ကြော်ငြာဘုတ်စိုက်ထူရာတွင် ဆောင်ရွက်ရမည့် အချက်များအား လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နန်းရည်မွန်ဆွေက ဥပဒေဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တတ်ရောက်လာကြသော ပါတီများမှ ကိုယ်စားလှယ်လောင်းများက သိလိုသည်များအား မေးမြန်းခြင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြကြောင်းနှင့် မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်က လိုအပ်ချက်များအား ဖြည့်စွတ်ပြောကြား ခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)