ဟင်္သာတ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်ကျောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းများဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းတက်၍ ပညာသင်ယူ လျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ကျောင်းများ စတင်ဖွင့်လှစ် တက်ရောက်သည့် အထိမ်းအမှတ်အဖြစ် ကျောင်းသားမောင်မယ်များကို သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်အသီသီးမှ တာဝန်ခံဌာနမှူးများ၊ ကျောင်းသားရေးရာ ဌာနများ မှ တာဝန်ရှိသူများက ဝမ်းမြောက်ဂုဏ်ယူ လှိုက်လှဲစွာ ကြိုဆို၍ မောင်မယ်သစ်လွင် အခမ်း အနားများ ကျင်းပပြုလုပ်ပေးခဲ့ကြပြီး အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော မောင်မယ်သစ်လွင်များကို မိမိတို့ တက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မောင်မယ်သစ်လွင်များအနေဖြင့် လူကောင်းလူတော်များဖြစ်အောင် ကြိုးစား နေထိုင်ကြပြီး တက္ကသိုလ်မှ ပို့ချမည့် ဘာသာရပ်အသီးသီးကို အလေးထားကြိုးစားသင်ယူကြပြီး နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြပါစေကြောင်း ဆုမွန်စကားများ ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ