မကွေး မေ ၁၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား မေလ ၁၂ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်များအား ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က မကွေးတက္ကသိုလ်၊ အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များနှင့် ဒီဂရီကောလိပ်များရှိ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မေလ(၁၂)ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များနှင့် ဒီဂရီ ကောလိပ်များ ဖွင့်လှစ်ရာတွင် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များအား ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ဆရာ/ ဆရာမများက ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား/သူများအား ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျောင်းသား/သူများ ကျောင်းအပ်နှံမှု အခြေအနေ များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်းနှင့် လိုအပ်သည်များအပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)