သရက် မေ ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလယ်တန်း၊ အထက်တန်းဆင့် အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့ရာ ဧည့်သည်တော်များ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝမ်းထွန်းက သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်းနှင့် ပတ်သက်သည့် သုံးသပ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလယ်တန်း၊ အထက်တန်းဆင့် အင်္ဂလိပ်စာသင်တန်း တက်ရောက် သင်ကြားခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ (၃၉) ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြ ဆရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Women Club အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ဆေးရုံ ဆရာဝန်ကြီးတို့မှ ဂုဏ်ပြုလက်ဆောင် အသီးသီးပေး အပ်ခဲ့သည်။
ယင်းနောက် သင်တန်းနည်းပြဆရာများ ကိုယ်စား သင်တန်းနည်းပြဆရာ ဦးအောင်ကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သင်တန်းတွင် ပို့ချသင်ကြားခဲ့သည့် အခြေခံအင်္ဂလိပ်စာနှင့် ပတ်သက်သည့် တေးသီချင်းများဖြင့် သရုပ်ဖော် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)