ရန်ကုန် မေ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ နံနက် ၁၁ အချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ မှတ်ပုံတင်ရရှိပြီး ရှင်သန်လျက်ရှိသော စာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လှူဒါန်းရရှိသော စာအုပ်များနှင့် ပတ်သက်ပြီးရရှိထားသော စာအုပ်များအား စနစ်တကျ စာရင်းသွင်းမှတ်တမ်းထားရှိ၍ စာဖတ်စာငှားများအား စနစ်တကျငှားရမ်း ပေးသွားရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ကော်မတီဝင်များက ဆက်လက်ဆောင်ရွက် သွားရန်လိုအပ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌဒေါ်အေးအေးစိုးမှ သုတဘဏ် စာကြည့်တိုက်သို့လည်းကောင်း၊ အတွင်းရေးမှူး ဒေါ်ဝါဝါဝင်းမြိုင်က စိတ်အာဟာရ စာကြည့်တိုက်သို့လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌက လှူဒါန်းရရှိသော စာအုပ်များနှင့် ပတ်သက်ပြီးပြောကြားရာတွင် ယခုရရှိထားသော စာအုပ်များသည် ဗဟုသုတရရှိသော စာအုပ်စာပေများ ဖြစ်သည့်အတွက် ရပ်ကွက်စာကြည့်တိုက်များအနေဖြင့် စာတ်ပရိသတ်လက်ဝယ်သို့ ရောက်ရှိရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။
လှလှဌေး(ပြန်/ဆက်)