အုတ်တွင်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် ဒေသခံပြည်သူများကို ရာနှုန်းပြည့်ထိုးနှံနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းကမြို့မစျေးကြီးအတွင်းရှိစျေးသူ၊ စျေးသားများ၊ ဒေသခံပြည်သူများနှင့်ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများထံသို့ လိုက်လံကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးရာနှုန်းပြည့်ထိုးနှံဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများလာရောက် ထိုးနှံနိုင်ခြင်းမရှိသည့် ပြည်သူများထံသို့ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက လိုက်လံကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်များကို စဉ်ဆက်မပြတ် အလှည့်ကျဝန်ထမ်းများ တာဝန်ထမ်းဆောင်စေရေးနှင့် ဒေသခံပြည်သူများမှလည်း နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mark)တပ်ဆင်သွားလာစေရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်စေရန် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)