မော်လိုက် မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မော်လိုက်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၃၁-၃-၂၀၂၂) ရက်နေ့တွင် နိုင်ငံတော်ရဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကို ပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းဥပဒေအရ နိုင်ငံတော်ရဲ့ GDP ကို (၃ ဒဿမ ၇)ရာခိုင်နှုန်း တိုးတက်ဖို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ GDP ကို(၄ ဒဿမ ၂)ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားကြောင်း၊ မော်လိုက်ခရိုင်ရဲ့ GDP ကို(၃ ဒဿမ ၈)ရာခိုင်နှုန်း တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက (၂၉-၄-၂၀၂၂) ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှု စီမံကိန်းမူဘောင်ကို ရေးဆွဲခဲ့သည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ (၅)နှစ်စီမံကိန်း ရေးဆွဲရာမှာ “ငြိမ်းချမ်း၍ သာယာဝပြောပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနှင့် ပြည်သူများအားလုံး ရရှိခံစားနိုင်မည့် တိုးတက်မှုများ ဖြစ်ပေါ်လာစေရန်” စသည့် မျှော်မှန်းချက်ထားရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ မော်လိုက်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်ကို လေ့လာတဲ့အခါမှာ ပုံမှန်ဈေးနှုန်းများအရ ကျပ်(၁၅၄ ဒဿမ ၂၅၈)ဘီလီယံ ရရှိဖို့ ရည်မှန်းထားကြောင်း၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လုပ်ငန်းပေါင်း(၁၆၀)ကို ကျပ်(၇ ဒဿမ ၂) ဘီလီယကျော်ဖြင့် ဆောင်ရွက်ဖို့ ခွင့်ပြုလျာထားပေးတဲ့အတွက် ယခင်နှစ်ထက် ပိုမိုရရှိခဲ့တာကို တွေ့ရပါကြောင်း၊ မော်လိုက်ခရိုင်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့က အဓိကကျတဲ့အတွက် လမ်း/တံတားများ တည်ဆောက်ဖို့ ငွေကျပ်( ၄ ဒဿမ ၇)ဘီလီယံကျော် အများဆုံးခွဲဝေပေးတာကို တွေ့ရပါကြောင်း၊ နှစ်စဉ် စီမံကိန်းများကို အကောင်အထည်ဖော်ရာမှာ ငွေလုံးငွေရင်း/သာမန်အသုံးစရိတ်များကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သုံးစွဲဖို့ လိုအပ်သလို နိုင်ငံတော်အတွက် ရရှိရမည့် အခွန်အကောက်များ၊ သာမန်ရငွေများကိုလည်း ရည်မှန်းချက်အတိုင်း ရရှိရန် ကောက်ခံသွားကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရာမှာ မြေပြင်အလုပ်ကိုဘဲ ကြိုးစားဆောင်ရွက်နေရုံတင်မကဘဲ လုပ်ငန်းပြီးစီးမှု အခြေအနေများကိုလည်း စဉ်ဆက်မပြတ် စာရင်းဇယားများဖြင့် အချိန်မီ တင်ပြသွားကြရန်မှာလည်း မဖြစ်မနေ လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဌာနဆိုင်ရာအနေဖြင့် မိမိတို့တာဝန်ကျရာ ခရိုင်/မြို့နယ် အတွင်းမှာရှိသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ တာဝန်ယူ တာဝန်ခံ စိတ်ဓါတ်များဖြင့် စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် မော်လိုက်ခရိုင်စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းတာဝန်များ ပေးအပ်ရခြင်းနှင့် စီမံကိန်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများအား ကဏ္ဍအလိုက် စီမံကိန်း ရည်မှန်းချက်များအား တာဝန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး