နေပြည်တော် မေ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အစိုးရနည်းပညာကောလိပ်တို့ကို မေလ (၁၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ကြည့်ရှုစစ်ဆေးရာတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာနန်းဆိုင်ဟွမ်းက လည်းကောင်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမာမာဝင်းကလည်းကောင်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်ကလည်းကောင်း၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီကလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အစိုးရနည်းပညာကောလိပ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာမင်းမင်းထွန်းတို့ကလည်းကောင်း ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများ၊ သင်ကြားရေးဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ နေထိုင်စားသောက်ရေး ကြိုတင်စီမံထားရှိမှု အခြေအနေများကို သက်ဆိုင်ရာတက္ကသိုလ်များနှင့်ကောလိပ်ကျောင်းများတွင် ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးကို စီစဉ်ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကိုစာရင်း တိကျစွာကောက်ယူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအား ထူးချွန်ထက်မြက်ပြီး တတ်မြောက်ကျွမ်းကျင်သည့်ပညာရှင်များဖြစ်ရေးအတွက် ပြုစုပျိုးထောင်သင်ကြားပေးစေလိုကြောင်း မှာကြားသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာတက္ကသိုလ်/ကောလိပ်ကျောင်းအသီးသီးရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ ဓာတ်ခွဲခန်း၊ သင်ထောက်ကူပစ္စည်းဆောင်များ၊ စာကြည့်တိုက်များနှင့် လက်တွေ့သင်ကြားမည့်ခန်းမများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကိုလမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)