ပခုက္ကူ မေ ၁၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၆နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမင်းမောင်၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းသီဟနှင့် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူတို့၏ ကြီးကြပ်မှုတို့ဖြင့် နယ်မြေခံတပ်များမှ တပ်မတော် သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များတို့၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၆၂၅)ဦးတို့က ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း သန့်ရှင်း သာယာလှပရေးအတွက် ဘာသာရပ်ဌာနအဆောက်အုံများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံရှေ့တို့နှင့် အနီးပတ်ဝန်းကျင်ရှိ လမ်းဘေးဝဲယာများတွင် တံမြက်စည်းလှည်းခြင်း၊ ခြုံနွယ်နှင့် ပေါင်းမြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတွင် ပိတ်ဆို့နေသည့်အမှိုက်များ ရှင်းလင်းပေးခြင်း စသည်တို့ကို စုပေါင်းဆောင်ရွက်ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် အမှိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်ကြသည်။
စုပေါင်းသန့်ရှင်းလုပ်ငန်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသူများအား ပခုက္ကူခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကောက်ညှင်းထုပ်၊ မုန့်နှင့် လက်ဖက်ရည်များ တိုက်ကျွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)